ပြင်ဆင်ထား မြန်မာစတော့ခ်ပွဲစား

ပြင်ဆင်ထား မြန်မာစတော့ခ်ပွဲစား



မြန်မာ့ လူမှုနယ်ပယ်တွင် လုပ်ငန်းဆောင်တာ အမျိုးမျိုးရှိကြသကဲ့သို့ ထိုလုပ်ငန်းဆောင်တာများအား အောင်မြင်ပြီးမြောက်အောင် ကြားဝင်ဆောင်ရွက်ပေးသော ပုဂ္ဂိုလ်များလည်း ရှိလေ၏။ထိုသို့ ဆောင်ရွက်ပေးသူများကို “ပွဲစား” ဟုခေါ်လေ၏။ ခေတ်ပေါ်ဝေါဟာရမှာ “အကျိုးဆောင်” ဖြစ်၏။ အိမ်ပွဲစား၊မြေပွဲစား၊ကားပွဲစား၊ဆိုင်ကယ်ပွဲစား၊ လိုင်စင်ပွဲစား၊ပါမစ်ပွဲစား စသည်တို့မှာ ခေတ်သစ်ပွဲစား များ ဖြစ်ကြ၏။ ဆန်ပွဲစား၊ စိန်ပွဲစား၊ကျောက်ပွဲစား၊ ကုန်စိမ်းပွဲစား၊ ကုန်ခြောက်ပွဲစား၊ သနပ်ဖက်ပွဲစား စသည်တို့မှာ ရှေးကတည်းက ရှိ နှင့်သော ပွဲစားများဖြစ်ကြပါ၏။ ခေါင်းစဉ်သီးခြား တပ်၍မရပဲ ကြုံသမျှ အကုန်လုပ်သည့် ပွဲစားများလည်းရှိ၏။ ပွဲစား၏ အဓိက အလုပ်မှာ ၀ယ်သူနှင့် ရောင်းသူကြား အဆင်ပြေစေရေး အတွက် ညှိနှိုင်းပေးရသော အလုပ်ဖြစ်၏။ ထိုသို့ညှိနှိုင်းသည် ကို “ပွဲတိုက်သည်’’ ဟု ဝေါဟာရ ပြုကြ၏။ ညှိနှိုင်း၍ အဆင်ပြေသွားလျှင် ညှိနှိုင်းပေးသူကို ကျေးဇူးတင်သောအားဖြင့် ငွေကြေး၊လက်ဆောင် စသည်တို့ ပေးလေ့ရှိ၏။ မေတ္တာဖြင့်ပေး၊ မေတ္တာဖြင့်ယူသော ခေတ်ရှိခဲ့ရာမှ ကြေးသတ် မှတ်သော ခေတ်သို့ ရောက်လာ၏။ “ပွဲခ” ဟုခေါ်၏။ ရောင်း-၀ယ်သော ကုန်စည်ပေါ်မူတည်၍ ရာခိုင်နှုန်းသတ်မှတ်ခြင်းဖြစ်၏။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လုပ်ငန်းသီးသီး ပေါ်လာသည် နှင့်အမျှ ပွဲစားများ ပိုမိုများပြားလာ၏။ အလုပ်အကိုင်ကလည်း ရှားပါးလာရာ လွယ်လွယ်ကူကူ ပွဲစား လုပ်ကြကုန်၏။ ပွဲစားမပါလျှင် ဘာမှမပြီးသည့် ခေတ်သို့ရောက်လာ၏။ အာဏာရှိသူ လုပ်ပိုင်ခွင့် ရှိသူတစ်ဦးဦးနှင့် တွေ့လိုပါကလည်း ပွဲစားလို၏။ နေရာတကာ ပွဲစားခေတ်ဖြစ်နေ၏။ ပွဲစားသည် စကားပြောလိမ္မာဖို့ အထူးလို၏။ ယနေ့အခါသမယတွင် မည်သည့် ပွဲစားမဆိုပြောလေ့ရှိသော စကားတစ်ခွန်းရှိ၏။ ထိုစကားမှာ “သူ့ဈေးနဲ့သူ့ဟာပေါ့” ဟူ၏။
မြန်မာ့နယ်ပယ်၏အလွန် ကမ္ဘာ့နယ်ပယ်တွင်လည်း ပွဲစားရှိ၏။ သူတို့လည်း အစုံလုပ်ကြ၏။ လေလံပွဲစား၊ လောင်းကစားဒိုင်ပွဲစား၊ လက်နက်ပွဲစား၊ ငွေပွဲစား စသည့် ပွဲစားလုပ်ငန်းကြီးများရှိ၏။ စီးပွားရေးနယ်ပယ်တွင် ရှိသကဲ့သို့ နိုင်ငံရေးနယ်ပယ် စစ်ရေးနယ်ပယ်တွင်လည်း ရှိ၏။ ထိုပွဲစားလုပ်ငန်းများအနက် ယနေ့ရေပန်းအစားဆုံးမှာ “စတော့ခ်ပွဲစား” “stockbroker” ဖြစ်၏။ နိုင်ငံတကာ၌ရှိ၏။ ဘဏ်ရှိသော နိုင်ငံ အလုပ်အကိုင်ရှိသောနိုင်ငံ၊ အများပိုင် ကုမ္ပဏီများရှိသော နိုင်ငံတိုင်း၌ရှိ၏။ စတော့ခ်ရှယ်ယာများကို အရောင်းအ၀ယ်လုပ်သောဋ္ဌာန များကို “စတော့ခ်အိပ်ချိန်း” များဟုအမည်ပေး၏။ ထိုအိပ်ချိန်းကြီးများတွင် အများပိုင်ကုမ္ပဏီကြီးများကို အစိတ်အပိုင်းများစွာ ပိုင်းကာရောင်း၏။ “ရှယ်ယာ”ဟုခေါ်၏။ ရှယ်ယာကို မည်သူမဆိုလွတ်လပ်စွာဝယ်နိုင်၏။ ရှယ်ယာဝယ်ထားသူ မည်သူမဆို ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်သည်ဟု အဓိပ္ပါယ်ရ၏။ သို့သော် ရှယ်ယာတစ်ခုဝယ်ထားပြီးကုမ္ပဏီဥက္ကဋ္ဌ လုပ်ချင်၍ကားမရ။ ကုမ္ပဏီနှင့် ထဲထဲဝင်ဝင် ပတ်သက်လိုလျှင် ပတ်သက်နိုင်ခွင့်ရှိသည့်ရှယ်ယာပမာဏကို ပိုင်ဆိုင်ဖို့လို၏။ ရှယ်ယာဝယ်သူတစ်ယောက်သည် အိပ်ချိန်းတွင် အမည်ပေါက်သမျှ ကုမ္ပဏီတိုင်းနှင့် ဆက်ဆံခွင့် ရှိ၏။ ၎င်းတို့၏ရှယ်ယာများကို ၀ယ်ခွင့်ရ၏။ ထိုဝယ်ထားသော ရှယ်ယာများသည် အချိန်နှင့်အမျှ ဈေးတက်ခြင်း၊ကျခြင်း ဖြစ်နေ၏။ ထိုသို့ တက်လိုက်ကျလိုက်ဖြစ်နေသော ဈေးကွက် ကို ကြည့်၍ မိမိဝယ်ယူထားသော ရှယ်ယာများကို ၀ယ်လိုက်ရောင်းလိုက်လုပ်နိုင်၏။ ထိုအလုပ်ကို မိမိကိုယ်စား တာဝန်ယူ၍ သတ်သတ်မှတ်မှတ် လုပ်ပေးသောသူများကို “စတော့ခ်ပွဲစား” Stock Broker ဟုခေါ်လေ၏။
စတော့ခ်ပွဲစားတစ်ယောက်ဖြစ်ရေးမှာ စကားပြောကောင်းရုံဖြင့်မရပါလေ။ မည်သူမဆိုစတော့ခ်ပွဲစား အဖြစ်ရပ်တည်နိုင်ရန် လိုင်စင်ယူရသည်။ အိပ်ချိန်းတစ်ခုလုံးတွင် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသော ရှယ်ယာဈေးများကို မျက်ခြေမပြတ်ကြည့်နေဖို့လိုသကဲ့သို့ မိမိထံတွင် အလုပ်အပ်နှံထားသော ရှယ်ယာရှင်များထံသို့ မပြတ် အစီရင်ခံနေဖို့လည်းလိုပေသည်။ စတော့ခ်ပွဲစားတစ်ယောက်သည် ရှယ်ယာရှင်များအား မည်သည့်စတော့ခ် မည်သည့်ရှယ်ယာကို မည်သည့်အချိန်တွင် ရောင်းသင့်သည်.. ၀ယ်သင့်သည် ဆိုသည်ကိုလည်း အကြံပေးနိုင်ရပါမည်။ မိမိဖောက်သည်များအား ၀ယ်သင့်သော စတော့ခ်များကို ထောက်ခံတင်ပြပေးရမည်ဖြစ်ပြီး ၀ယ်ထားပြီးသော စတော့ခ်များအနက်မှလည်း ရောင်းသင့်သည်များကို အကြံပြုရမည်ဖြစ်သည်။ ထိုသို့တင်ပြရာတွင်လည်း ခိုင်လုံသော အကြောင်းပြချက်များ အထောက်အထားများ လိုအပ်ပေသည်။ စတော့ခ် ပွဲစားတစ်ယောက်ဖြစ်ရေး အတွက် စတော့ခ်ရှယ်ယာ အထူးပြုဘာသာရပ်နှင့် ဘွဲ့ရရန် မလိုအပ်သော်လည်း စတော့ခ်ပွဲစား အများစုမှာ ဘွဲ့ရများ ဖြစ်ကြသည်။
စတော့ခ် ပွဲစား တစ်ယောက်၏ အဓိကအရည်အချင်းမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း “Analysis Skills”ဖြစ်သည်။ စုဆောင်းရရှိထားသော သတင်းအချက်အလက်များစွာတို့ကို သက်ဆိုင်ရာ ကုမ္ပဏီ ၏ အခြေခံအုတ်မြစ် အချက်အလက်များနှင့် တိုက်ဆိုင်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ရခြင်းဖြစ်သည်။ စိတ်ကူးဖြင့် သုံးသပ်ခြင်းမဟုတ်ပဲ.. ရရှိထားသောအချက်အလက်မှန် data များကိုစုဆောင်းပြီး အဆင့်လိုက် ခွဲခြမ်းစိတ်ဖြာရခြင်းဖြစ်သည်။ စတော့ခ် ပွဲစား တစ်ယောက်သည် သင်္ချာ ဘာသာရပ်ကို အထူးကျွမ်းကျင်ရန်လိုအပ်ပြီး ဘောဂဗေဒ ဘာသာရပ်ကို ကောင်းစွာ နှံ့စပ်ကာ စီးပွားရေးသမားတို့၏ အတွေးမျိုး တွေးခေါ်တတ်ဖို့လိုအပ်လေသည်။ စတော့ခ်အိပ်ချိန်းများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ဝေါဟာရများလည်း ကြွယ်ဝကျွမ်းကျင်စွာ သိထားအပ်ပေသည်။ စတော့ခ်ပွဲစားတစ်ယောက် နေ့စဉ် ရင်းနှီးစွာ သုံးနေရမည့် စကားလုံးများဖြစ်သည့် stop orders, limit orders, margin accounts, shorting စသည့် ဝေါဟာရများ နှင့် အသုံးများကို ကျွမ်းကျင်ရမည်ဖြစ်သည်။
စတော့ခ်ပွဲစား အဖြစ်အသက်မွေးလိုသူအတွက် လိုင်စင်ရှိရေးမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုလိုင်စင်ရရေး အတွက် သတ်မှတ်ထားသော စာမေးပွဲဖြေရသည်။ အမေရိကန်ပြည်ထောင်စုတွင် စတော့ခ်ပွဲစား လိုင်စင်ရရေး အတွက် General Securities Registered Representative Examination Series 7, စာမေးပွဲကို ဖြေဆိုရသည်။ သက်ဆိုင်ရာ ပြည်နယ်ဥပဒေများက ပြ ဋ္ဌာန်းထားသော အခြားစာမေးပွဲ များ ကိုလည်းဖြေရသည်။
သုတေသန ကောင်းစွာလုပ်တတ်ခြင်း research နှင့် ပြသနာ ဖြေရှင်းတတ်ခြင်း problem solving တို့သည်လည်း စတော့ခ် ပွဲစား တစ်ယောက်၏ အထူးအရည်အချင်းပင်ဖြစ်သည်။ စွန့်စားမှုနစ်နာနိုင်ခြေ risk factor များကို တွက်တတ်ခြင်း၊ အင်တာနက်ကို ကောင်းစွာ အသုံးချတတ်ခြင်းတို့သည်လည်း မရှိမဖြစ် အရည် အချင်းများ ဖြစ်လေသည်။
မိမိ၏ဖောက်သည်များကို နေ့စဉ် ကြိမ်ဖန်များစွာ ဆက်ဆံဖို့လိုအပ်ရာ ဆက်ဆံမှုကျွမ်းကျင်ခြင်းသည် စတော့ခ်ပွဲစား အတွက် အသက်တမျှ အရေးကြီးပေသည်။ ယဉ်ကျေးဖွယ်ရာစွာ ပြောဆိုဆက်ဆံတတ်ခြင်း၊ သပ်ယပ်စွာ ၀တ်စားတတ်ခြင်း၊ အကောင်းမြင်တတ်ခြင်း၊ စိတ်နေစိတ်ထားကောင်းခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိခြင်း နှင့် ယဉ်ကျေးမှုကို နားလည်ခြင်းတို့သည် အောင်မြင်သော စတော့ခ်ပွဲစားတို့၏ အရည်အချင်းပင်။
အမေရိကန်စတော့ခ်ပွဲစားတစ်ယောက်၏ တစ်လစာ လစာဝင်ငွေမှာ ဒေါ်လာ ၄၁၀၀ မှ $၁၃၂,၀၀၀ အတွင်းရှိလေသည် ။ ပျမ်းမျှ အားဖြင့် $၇၀,၀၀၀ ဖြစ်၏။ ဗြိတိသျှ စတောခ့်ပွဲစားတစ်ယောက်၏ တစ်နှစ်စာလစာမှာ အနည်းဆုံး ပေါင်၂,၄၀၀၀မှ စလေသည်။ အတွေ့အကြုံရင့်လာသည်နှင့်အမျှ တဖြည်းဖြည်းတိုးလာကာ ပေါင်၃၅,၀၀၀ ထိုမှတဆင့် ပေါင်၄၅,၀၀၀ မှာပေါင် ၈၀,၀၀၀ အထိရှိသည်။ အချို့ဝါရင့်စတော့ခ်ပွဲစားများ၏ တစ်နှစ်စာ လစာဝင်ငွေမှာ ပေါင်တစ်သိန်းခွဲအထိရသည်။ စတော့ခ်ပွဲစားတစ်ယောက်အတွက် ကုမ္ပဏီကပေးသော ဘောနပ်စ်မှာလည်း မက်လောက်စရာပါပေ။ စတော့ခ်ပွဲစားများ၏ အလုပ်ရှင်မှာ လုပ်ငန်းရှင်များဖြစ်ကြ၏။ ပွဲစား လုပ်ငန်း လုပ်ကိုင်သူများသည် စတော့ခ်အိပ်ချိန်းနှင့် နီးရာနေရာများတွင် ရုံးခန်းများ ရှိကြ၏။ ထိုပွဲစားများထံသို့ အများပိုင်ကုမ္ပဏီကြီးများမှ အလုပ်အပ်ကြသည်။ ထိုကုမ္ပဏီကြီးများကိုယ်စား ရောင်းရေးဝယ်တာများကို ဆောင်ရွက်ပေးရ၏။ မိမိက ရသမျှ အချက်အလက်များကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာ သုတေသန နှင့် ခန့်မှန်းမှုများလုပ်ကာ မိမိအလုပ်ရှင်ထံတင်ပြရ၏ ။ နောက်ဆုံး အဆုံးအဖြတ်ကို သက်ဆိုင်ရာ ရှယ်ယာရှင်က လုပ်၏။ ထိုဆုံးဖြတ်ချက်အတိုင်း ၀ယ်ခြင်းရောင်းခြင်းကို လိုင်စင်ရပွဲစားက လုပ်ပေးရ၏။
အလုပ်အကိုင်အလွန်ရှားပါးနေသော အမေရိကန်ပြည်ထောင်စုမှာပင်လျှင် စတော့ခ်ပွဲစား အလုပ်မှာ လိုအပ်ချက် ရှိနေပေသေး၏။ ခန့်မှန်းချက်များအရ ၂၀၁၄အထိ နောက်ထပ် ၉%မှ၁၄%အထိ လိုအပ်နေဦးမည် ဖြစ်၏။ တဟုန်ထိုး တိုးတက်လာနေသည့် လူငယ်လူချမ်းသာများ များလာလေလေ စတော့ခ် ဈေးကွက် ပိုမိုလှုပ်ရှားလာလေလေ စတော့ခ်ပွဲစားများ ပိုမိုလိုအပ်လေလေ ဖြစ်လာသည်။
စတော့ခ်ပွဲစားတစ်ယောက် အတွက် အလုပ်ချိန်လည်း များပေသည်။ စတော့ခ် အိပ်ချိန်းသည်တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈း၀၀ နာရီတွင် စဖွင့်ပြီး ည ၈း၀၀ တွင်ပိတ်သည်။ ထို့ကြောင့် စတော့ခ်အိပ်ချိန်း မဖွင့်မီ တစ်နာရီအလိုတွင် မိမိ၏ကောင်တာကို ဖွင့်ထားရသည်။ ထိုသို့ နံနက်၇နာရီဖွင့်နိုင်ရေး အတွက် ၇ နာရီထိုးမှ ထလာ၍ မရပေ။ ည ၈ နာရီတွင် စတော့ခ်အိပ်ချိန်းသာပိတ်သွားသည် မိမိမှာ မပြန်နိုင်သေး တစ်နေ့တာ ရောင်းဝယ်ထားသည့် စတော့ခ်များကို စစ်ဆေး၊ နောက်တစ်နေ့အတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးမှ အိမ်ပြန်နိုင်သည်။ ထို့ကြောင့် စတော့ခ်ပွဲစားတစ်ယောက်ဖြစ်ရန် လွယ်လွယ်ကူကူ မဟုတ်ပါ။ကမ္ဘာ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်း ကိုဆက်သွယ်ဆက်စပ်၍ အလုပ်လုပ်သော စတော့ခ်ပွဲစားများဆိုလျှင် အလုပ်ချိန် အလွန်များပြီး နားချိန် အိပ်ချိန် အနည်းငယ်သာရှိသည်။
စတော့ခ်ပွဲစားတစ်ယောက်အဖြစ်သို့ အရှင်မွေးနေ့ချင်းကြီးပြီး မရောက်နိုင်ပါ။ အလုပ်သင် ဘ၀နှင့် ပွဲစားလုပ်နည်း သင်ယူရပါသည်။ လိုင်စင်ရရန် စာမေးပွဲဖြေရပါသည်။ လိုင်စင်ကို Financial Service Authority (FSA)က စာမေးပွဲစစ်ဆေးပြီးအောင်မြင်သူများကို ထုတ်ပေးပါသည်။ ထိုသို့ တစ်ဖက်မှ ပညာဆည်းပူးရင်း တစ်ဖက်မှာလည်း ၀ါရင့်ပွဲစားများ သို့မဟုတ် ကုမ္ပဏီများထံတွင် လက်တွေ့သင်ယူရပါသည်။ ထိုဘာသာရပ်များကို Security & Investment Institute (SII) တွင် တက်ရောက် သင်ယူနိုင်သကဲ့သို့ ဗြိတိန်တွင် CFA (Society of the UK) တွင် သင်ယူနိုင်ပါသည်။
SII မှ အောင်မြင်သူများကို Certificate in Investment Management နှင့် Certificate in Securities or Financial Derivatives လက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။
CFA Society မှ အောင်မြင်သူများကို Investment Management Certificate (IMC) ပေးအပ်ပါသည်။ ထိုလက်မှတ်များသည် စတော့ခ်ပွဲစားလုပ်လိုသူများအတွက် စတော့ခ် အိပ်ချိန်းကိုဖွင့်ပေးမည့် သော့တံများ ဖြစ်ကြပါသည်။ အဆိုပါအောင်လက်မှတ်များလည်း လက်ဝယ်ရှိပြီး အတွေ့အကြုံ အတန်အသင့် ရလာသောအခါ သုံးနှစ်ခန့်အကြာတွင် SII ဒီပလိုမာ သို့မဟုတ် Charter Financial Analysis (CFA) ကိုရယူနိုင်ပါသည်။ ထိုသို့ အရည်အချင်းပြစာမေးပွဲဖြေနေစဉ် အတွင်း လက်တွေ့ကဏ္ဍတွင်လည်း မပြတ်လေ့လာနေရပါသည်။ သို့မှသာ ပြောင်းလဲသွားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။
Diploma in Financial Plan စသော ဘာသာရပ်များဖြင့် အောင်ထားသူများသည်လည်း ဘဏ္ဍာရေး အကြံပေး ဖြစ်နိုင်ပါသည်။ စတော့ခ်ပွဲစားကုမ္ပဏီများသည် လူရွေးရာတွင် ဘာသာရပ်ကို အဓိကမထားဟု ဆိုသော်လည်း အများစုမှာ ဘဏ္ဍာရေး၊ စီးပွားရေး၊ ဘောဂဗေဒ ၊ စီမံခန့်ခွဲရေး စသည့် ဘာသာရပ်များဖြင့် ဘွဲ့ရလာသူများကိုသာ ရွေးလေ့ရှိသည်။ နောက်ပိုင်းတွင် MBA ဘွဲ့ရများနှင့် စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲရေးဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ မဟာဘွဲ့ရသူများကို ဦးစားပေး ရွေးချယ်ခန့်ထားလာကြသည်။ သေချာသည်မှာ စတော့ခ်ပွဲစားတစ်ယောက် ဖြစ်ရေးမှာ ငွေကြေးအရင်းအနှီးရှိယုံ၊ အဆက်အသွယ်ကောင်းရုံ၊ စကားပြောကောင်းရုံ၊ မိတ်ဆွေပေါရုံဖြင့် မရနိုင် ပေ။ စတော့ခ် ပွဲစားတစ်ယောက်တွင် ရှိသင့်သော အရည်အချင်း ပြည့်စုံပါမှ လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး ထိုလိုင်စင်ရှိမှသာ စတော့ခ်ပွဲစားအဖြစ် ရပ်တည်ခွင့် ရှိသည်။
လိုင်စင်ရ စတော့ခ် ပွဲစားများ တွင် လုပ်ငန်းသဘာဝအလိုက် သုံးမျိုးခွဲထားသည်။
၁။ Execution only ဤအမျိုးအစား စတော့ခ်ပွဲစားသည် စတော့ခ် ပိုင်ရှင်ထံသို့ ဈေးကွက်၏ သတင်းအချက်အလက်များကို ပေးပို့အစီရင်ခံရပြီး ပိုင်ရှင်၏ညွှန်ကြားချက်အတိုင်းသာ ရောင်းခြင်း ၀ယ်ခြင်းကို ပြုလုပ်နိုင်သည်။
၂။ Advisory dealing ဤ အမျိုးအစား စတော့ခ်ပွဲစားသည် မည်သည့်စတော့ခ်ကို ၀ယ်သင့်သည် မည်သည့်စတော့ခ် ကိုရောင်းသင့်သည်ဆိုသည်ကို ဈေးကွက်အားသုံးသပ်၍ ပိုင်ရှင်အား အကြံပေးရသည်။ သို့သော် အဆုံးအဖြတ်ပေးမည့်သူမှာ ပိုင်ရှင်ကိုယ်တိုင်ပင်ဖြစ်သည်။
၃။ Discretionary dealing ဤ အမျိုးအစားမှာ စတော့ခ်ပွဲစားသည် ပိုင်ရှင်၏ ရည်ရွယ်ချက်နှင့် ဆန္ဒ တို့ကို သိနားလည်ပြီး ပိုင်ရှင်ကိုယ်စား ဆုံးဖြတ်၍ အရောင်းအ၀ယ်ကို လုပ်ပေးရခြင်းဖြစ်သည်။
စတော့ခ်ပွဲစား တစ်ယောက်သည် အထက်ပါသုံးမျိုးအနက်မှ တစ်မျိုးကိုသော်လည်းကောင်း၊ တစ်မျိုးထက်ပို၍သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်။
အမေရိကန်ပြည်ထောင်စုတွင် စတော့ခ်ပွဲစားကို Stock Broker(Broker) သို့မဟုတ် Registered Rep(Rep) ဟုခေါ်သည်။ Financial Industry Regulatory Authority(FINRA) က လိုင်စင်ထုတ်ပေးပြီး အသိအမှတ်ပြုသည်။ ထိုလိုင်စင်ရရေး အတွက် Series 7 exam ဟု လူသိများသော General Securities Representative Exam ကိုဖြေဆိုအောင်မြင်ရသည်။ ထိုလိုင်စင်တွင် Registered Representative ဟုဖေါ်ပြထားသည်။ လိုင်စင်ရပြီးလျှင် စတော့ခ်ပွဲစား လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ (Brokerage Firm) ခေါ် (Broker Dealer)တစ်ခုခုသို့ ဆက်သွယ်ကာ အလုပ်လျှောက်ထားနိုင်ပြီဖြစ်သည်။
ကနေဒါတွင် စတော့ခ်ပွဲစားကို License Representative သို့မဟုတ် Investment Representative ဟုခေါ်သည်။ ထိုလုပ်ငန်းလုပ်ကိုင်ရန်အတွက် Canadian Security Course(CSC) အပိုင်း၁နှင့်၂ စာမေးပွဲနှင့် Conducts and Practices Handbook(CPH) တို့ကို အောင်မြင်ရမည်ဖြစ်သည်။ ထိုစာမေးပွဲများကို အောင်မြင်သူများကိုသာ လိုင်စင်ထုတ်ပေးသည်။
ဟောင်ကောင်တွင် စာမေးပွဲသုံးခုဖြေဆိုအောင်မြင်ပြီးမှ representative လိုင်စင်ထုတ်ပေးသည်။ အထူးလိုင်စင်ရလိုလျှင် စာမေးပွဲနောက်တစ်ခုထပ်ဖြေရသည်။ စာမေးပွဲများကို HKSI မှ စစ်ဆေးသည်။ စာမေးပွ အောင်မြင်သူအားလုံးကို လိုင်စင်ထုတ်ပေးသည်မဟုတ်ပေ။ ဘဏ္ဍာရေး နယ်ပယ်၏စံများကို ကြီးကြပ်ထိန်းသိမ်းသည့် အာဏာပိုင်အဖွဲ့က စစ်ဆေးပြီးမှ ထုတ်ပေးခြင်းဖြစ်သည်။
စင်္ကာပူတွင် Trade Representative ဟုခေါ်ပြီး Institute of Banking and Financial မှ စစ်ဆေးသော module 1A နှင့် module 6 စာမေးပွဲနှစ်ခုကို အောင်မြင်ရသည်။ အောင်မြင်ခဲ့လျှင် MAS နှင့် SGX တို့်မှတဆင့် လိုင်စင်လျှောက်ထားနိုင်သည်။
ယူကေတွင် Charters Institute of Securities and Investment မှစစ်ဆေးသော XII Certificate in Securities စာမေးပွဲကို ဖြေဆိုအောင်မြင်ရသည်။ ထိုလက်မှတ်ရရန် စာမေးပွဲနှစ်ခုဖြေရသည်။ ထိုစာမေးပွဲများကို အောင်မှ FSA က အသိအမှတ်ပြုသော စတော့ခ်ပွဲစား လိုင်စင်ကို ရသည်။
စတော့ခ်ပွဲစား အလုပ်သည် ဂုဏ်သရေရှိသော အလုပ်ဖြစ်ပြီး ပညာရှင်အဖြစ်ရပ်တည်နိုင်သော အလုပ်ဖြစ်သည်။ အချို့နိုင်ငံများတွင် Investment Adviser သို့မဟုတ် Financial Adviser ဟုခေါ်သည်။ အများပိုင်ကုမ္ပဏီကြီးများသည် သူတို့၏ ရှယ်ယာများကို ဈေးကွက်တင်သော အခါ စတော့ခ်ရှယ်ယာ ပွဲစားများနှင့် ဆက်သွယ်ဆက်ဆံရသည်။ ၀ယ်ခြင်းရောင်းခြင်းကို ကိုယ်တိုင်လုပ်စရာမလို ၊ စတော့ခ် အိပ်ချိန်းရှိရာသို့ ကိုယ်တိုင်သွားစရာမလို၊ မိမိကိုယ်စား မိမိအပ်နှံထားသော စတော့ခ်ပွဲစားက မိမိအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ရောင်းခြင်းဝယ်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ထို့ကြောင့် စတော့ခ် ပွဲစားများသည် ကုမ္ပဏီကြီးများ၏ ယုံကြည်ခြင်းကို ခံရသည်။ ထိုသို့ ယုံကြည်လာအောင်လည်း စတော့ခ်ပွဲစားသည် ဂုဏ်သရေကို နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ယူရသည်။ စတော့ခ်ပွဲစား အဖြစ်အောင်မြင်စွာ ရပ်တည်နိုင်ရေး တွင် ပေးဆပ်မှုပေါင်းများစွာကို ပေးဆပ်ခဲ့ကြရသည်။ စတော့ခ်ပွဲစား အလုပ်သည် ရင်ခုန်စိတ်လှုပ်ရှားစရာ အလွန်ကောင်းသော အလုပ်ဖြစ်သည်။ စိတ်ဝင်စားသူ လူငယ်များ အဆင်သင့် ပြင်ဆင်ထားပြီး လေ့လာသင့်သည်များကို လေ့လာထားကြပါစို့…….။ ။

ချစ်ခင်စွာဖြင့်
ကောင်းလွန်း
Koung Loon 

No comments:

Post a Comment