Forex ရောင်းဝယ်မှုဆိုတာဘာလဲ?


Forex ရောင်းဝယ်မှုဆိုတာဘာလဲ?
********************************
နိုင်ငံခြားငွေကြေးအချင်းချင်းကြားမှာ ရောင်းကြ၊ ၀ယ်ကြတာကိုခေါ်ပြီး FOREX ဒါမှမဟုတ် FX Trading လို့ သိကြပါတယ်။ ငွေကြေးတစ်ခုက အခြားငွေကြေးတစ်ခုထက် အားကောင်းလား၊ မကောင်းဘူးလားဆိုတဲ့အပေါ်မှာ ချိန်ဆ ရောင်းဝယ်တာမျိုးဖြစ်ပြီး မိမိကိုယ်တိုင် မှန်းဆထားတဲ့အတိုင်း ဈေးက တက်မယ်၊ ဒါမှမဟုတ် ကျမယ်ဆိုတာမျိုး ဖြစ်လာခဲ့ရင် အကျိုးအမြတ် ရရှိမှာဖြစ်ပါတယ်။
အဲဒီလို အရောင်းအ၀ယ်လုပ်တဲ့အခါမှာ ငွေကြေးအားလုံးဟာ ၂ ခု တစ်စုံစီ ရောင်းဝယ်ကြရတာဖြစ်ပြီး ဥပမာအားဖြင့် GBPUSD (ဗြိတိန်ပေါင်နဲ့ အမေရိကန်ဒေါ်လာ ရောင်းဝယ်ခြင်း) ပုံစံမျိုး ဖြစ်ပါတယ်။ ဒီရောင်းဝယ်မှုမှာ ပထမငွေကြေးကို တည်ကာ ဒုတိယငွေကြေးနဲ့ ရောင်းဝယ်ရတာမျိုးပါ။ ဒါ့ကြောင့် GBPUSD နှုန်းဟာ ၁.၅၅၀၀ ဖြစ်မယ်ဆိုရင် ဒါက စတာလင် ၁ ပေါင်ကို အမေရိကန်ဒေါ်လာ ၁.၅၅၀၀ နှုန်း ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အခြားသော ကုန်ပစ္စည်းတွေလိုပဲ FX ငွေကြေးတွေကို ရောင်းဝယ်တဲ့အခါမှာ ၀ယ်တာ (Buy)၊ ရောင်းတာ (Sell) လုပ်ကြရပါတယ်။ ပထမငွေကြေးက ဒုတိယငွေကြေးထက် ပိုမာလာမယ်လို့ ထင်ရင် Buy လုပ်ရပြီး၊ ဒုတိယငွေကြေးက ပထမငွေကြေးထက် ပိုမာလာမယ်လို့ထင်ရင်တော့ Sell လုပ်ရပါတယ်။
FOREX ဟာ ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံး အရောင်းအ၀ယ်လုပ်ကြတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ အောက်ကဇယားကိုကြည့်ရင် နေ့စဉ် FX ရောင်းဝယ်မှုဟာ အခြားစတော့အိတ်ချိန်းတွေထက် ပိုမြင့်လာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဒေါ်လာ ၅၀၀ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၀၇ခုနှစ်မှာတော့ ၅.၀၀ ထရီလီယံအထိ ရောက်လာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ၅.၃ ထရီလီယံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီဈေးကွက်ဟာ ၂၄ နာရီဖွင့်လှစ်ထားပြီး ဈေးတက်တာ၊ ဈေးကျတာ နှစ်မျိုးစလုံးကနေ အကျိုးအမြတ်ရနိုင်တာကြောင့် ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံသူတွေအကြားမှာ အလျင်အမြန်ဆုံး တိုးတက်လာနေတဲ့ ဈေးကွက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

Forex ရောင်းဝယ်မှု ဘယ်လိုဖြစ်လာတာလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၄၄ ခုနှစ်မှာ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ အသေသတ်မှတ်ခဲ့ပြီး ငွေကြေးတွေတည်ငြိမ်ဖို့ ကြိုးစားခဲ့တဲ့ Bretton-Woods သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံတွေက ဖန်တီးခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ ခေတ်မီတဲ့နိုင်ငံတွေ အများစုဟာ ရွှေအခြေပြု ငွေကြေးတွေကို သုံးစွဲခဲ့ကြပြီး ကာလတစ်ခုအထိ ငွေကြေးတွေဟာ တည်ငြိမ်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေကိုစံထားမှုဟာ စီးပွားရေးအတက်အကျကို ဖြစ်စေတဲ့အခါ ဒီစနစ်မှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ စီးပွားရေး တောင့်တင်းလာချိန်မှာ နိုင်ငံတွေဟာ နိုင်ငံအတွင်းမှာ ချဲ့ထွင်ဖို့အတွက် နိုင်ငံရပ်ခြားကနေ တင်ပို့တာတွေ လုပ်ခဲ့ရပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ အရံရွှေတွေက အားနည်းလာခဲ့ပြီး ရွှေက ငွေကြေးကို ကျားကန်ပေးဖို့ လိုအပ်လာခဲ့ပါတယ်။
နိုင်ငံရဲ့ ငွေကြေးပံ့ပိုးပေးနိုင်မှုဟာလည်း လျော့လာခဲ့ပြီး အတိုးနှုန်းတွေကလည်း တက်လာပါတော့တယ်။ စီပွားရေးအခြေအနေအားလုံးဟာ တစ်စစ အားနည်းလာတာ၊ ရပ်တန့်သွားတာမျိုးတွေ ဖြစ်လာခဲ့ပြီး စီးပွားရေး အကျဘက်ကို ရောက်လာတဲ့အထိ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြီးမားမားလုပ်ခဲ့ရပြီး ဒီလုပ်ငန်းတွေအတွက် ရင်းနှီးငွေကို မြင့်တက်စေဖို့ ငွေကြေးကုန်သွယ်မှုပမာဏ ကြီးကြီးမားမား လိုအပ်ခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာ ရွှေနဲ့ ဒေါ်လာ လဲလှယ်မှုကို အမေရိကန်က ရပ်ဆိုင်းလိုင်တာကြောင့် Bretton-Woods သဘောတူညီချက်ဟာ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ငွေကြေးကို လွတ်လွတ်လပ်လပ် ပြောင်းလဲသုံးစွဲနိုင်ခဲ့ပြီး ရောင်းလိုအားနဲ့ ၀ယ်လိုအားတွေဟာ အဓိက စက်မှုနိုင်ငံတွေရဲ့ ငွေကြေးဈေးနှုန်းတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါက ငွေကြေးရောင်းဝယ်မှုပမာဏ များပြားလာဖို့ တွန်းအားဖြစ်စေခဲ့ပြီး နိုင်ငံတစ်ခုရဲ့ ငွေကြေးဈေးနှုန်းမှာ အတက်အကျတွေကိုလည်း ပိုမိုဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ကွန်ပြူတာတွေ၊ အင်တာနက်တွေ ပေါ်လာမှုက ငွေကြေးရောင်းဝယ်မှုကို လွယ်ကူစေခဲ့ပြီး တစ်ဦးတစ်ယောက်ချင်းသာမက အသင်းအဖွဲ့တွေလည်း ဒီရောင်းဝယ်မှုမှာ ပိုမို ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် FOREX ဈေးကွက်ဟာ တစ်နေ့တာ စီးပွားရေးမှာ ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးလောက် ရှိလာတာကို တွေ့မြင်ကြရတာ ဖြစ်ပါတယ်။

Forex ရောင်းဝယ်မှုရဲ့ လက္ခဏာတွေက ဘာလဲ?
×××××××××××××××××××××××××××××××××××××
Forex ဈေးကွက်ဟာ တော်တော်လေး စိတ်ဝင်စားစရာကောင်းပြီး တစ်သီးတစ်ခြားတည်ရှိတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဒီဈေးကွက်ဟာ သာမန်စတော့ဈေးကွက် ဒါမှမဟုတ် လူသုံးကုန် ဈေးကွက်တွေနဲ့ တော်တော်လေးကို ခြားနားပါတယ်။ သူ့ရဲ့ ခြားနားချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပမာဏမြင့်မားတဲ့ ဈေးကွက်တစ်ခုဖြစ်ခြင်း။ ။နေ့စဉ်ရောင်းဝယ်မှုပမာဏဟာ မေရိကန် ဒေါ်လာ ၅ ထရီလီယံဖိုးရှိပြီး အခြားသောဈေးကွက်တွေထက် အလွန်ပမာဏမြင့်ပါတယ်။

ငွေဖြစ်လွယ်ခြင်း။ ။ မြန်မြန်ဆန်ဆန် ရောင်းနိုင်၊ ၀ယ်နိုင်ပါတယ်။ ထိန်းသိမ်းစားရိတ် အလွန်နည်းပြီး ချက်ခြင်း စီမံနိုင်ပါတယ်။ ထင်သာမြင်သာတဲ့ ဈေးနှုန်း ရှိပါတယ်။

ပထ၀ီအနေအထား အကန့်အသတ်မရှိခြင်း။ ။ FX ဈေးကွက်ကို ကမ္ဘာ့ရဲ့ဘယ်နေရာကမဆို အင်တာနက် ဆက်သွယ်မှုရှိရုံနဲ့ အရောင်းအ၀ယ် လုပ်လို့ရပါတယ်။

အချိန်အကန့်အသတ်မရှိခြင်း။ ။ ၂၄ နာရီ အသက်ဝင်တဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး တစ်ပတ် ၅ ရက် ပုံမှန် အရောင်းအ၀ယ်လုပ်လို့ရပါတယ်။ အချိန်ကာလ အကြောင်းအရင်းတွေ၊ စာချုပ်စာတမ်းတွေအပေါ်မှာ မှီခိုမှုမရှိပါဘူး။

ငွေလဲနှုန်းကို ရိုက်ခတ်စေမယ့် အကြောင်းအရင်းများ? ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးကို ရေတိုမှာ၊ ရေရှည်မှာ မာစေမယ့် ဒါမှမဟုတ် ပျော့စေမယ့် အကြောင်းအရင်း အများအပြားရှိပါတယ်။ အောက်ပါအကြောင်းအရင်းတွေကတော့ နိုင်ငံတစ်ခုရဲ့ ငွေကြေးကို ရိုက်ခတ်စေမယ့် အဓိက အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

အတိုးနှုန်း။ ။ ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ အတိုးနှုန်းတက်လာရင် ငွေကြေးအတွက် ၀ယ်လိုအားနဲ့ ငွေးကြေးတန်ဖိုးတွေ တက်လာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီငွေကြေးကို ပိုင်ဆိုင်သူတွေဟာ ဒီငွေကြေးအတွက် အကျိုးအမြတ် ပိုပေးရတာကြောင့်ပါပဲ။

အစိုးရ ဘက်ဂျက်လိုငွေ။ ။ အစိုး ဘက်ဂျက်လိုငွေ များနေပြီဆိုရင် အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ပျော့လာမှာဖြစ်ပြီး လိုငွေနည်းနေရင်တော့ မာလာမှာဖြစ်ပါတယ်။

ကုန်သွယ်မှုမျှချေ။ ။ နိုင်ငံတွေကြားက ကုန်သွယ်မှုမှာ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ အတွက် ၀ယ်လိုအားကိုဖြစ်စေပြီး အခြားတစ်ဘက်ကကြည့်ရင် ဒီလိုကုန်သွယ်မှု လုပ်ဖို့အတွက် နိုင်ငံတစ်ခုရဲ့ ငွေကြေးအတွက် ၀ယ်လိုအားကို ညွှန်ပြနေပါတယ်။ ဒါ့ကြောင့် ကုန်သွယ်မှုမျှချေမှာ ကွာဟမှု မြင့်တက်လာမယ်ဆိုရင် နိုင်ငံတစ်ခုရဲ့ ငွေကြေးကို ပျော့သွားစေမှာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွခြင်း။ ။ နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုအခြေအနေ မြင့်လာပြီဆိုရင် ဒါမှမဟုတ် ငွေကြေးဖောင်းပွမှု မြင့်လာမယ်လို့ ယူဆရပြီဆိုရင် အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ကျသွားပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းတွေဟာ ဈေးပိုကြီးလာပြီး ငွေကြေးအတွက် ၀ယ်လိုအားဟာလည်း ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုကိုတုံ့ပြန်ဖို့ ဗဟိုဘဏ်က အတိုးနှုန်းတက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိတာကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာပေမယ့် တစ်ခါတစ်ရံမှာ ငွေကြေးတန်ဖိုး မာနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

စီးပွားရေးတိုးတက်မှု။ ။ GDP၊ အလုပ်ရရှိမှု၊ အလုပ်လက်မဲ့နှုန်းနဲ့ လက်လီရောင်းချမှုနှုန်းတွေက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ တောင့်တင်းမှုကို အသေးစိတ်ဖော်ပြနေပါတယ်။ ယေဘုယျအားဖြင့်တော့ တိုင်းပြည်ရဲ့စီးပွားရေး တောင့်တင်းပြီး တက်လာလေလေ၊ အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးက ပိုကောင်းလာလေလေဖြစ်ပြီး ငွေကြေးဝယ်လိုအားတွေလည်း ပိုပြီး ရှိလာမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေ။ ။ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ နိုင်ငံရေးအခြေအနေတွေနဲ့ အဖြစ်အပျက်တွေကလည်း ငွေကြေးဈေးကွက်အပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အစိုးရ ကသောင်းကနင်းဖြစ်တာ။ အခုလက်ရှိ ဒါမှမဟုတ် နောက်တက်လာမယ့် အာဏာရပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီ၊ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြား တင်းမာမှု၊ ထိပ်တိုက်တွေ့မှု အန္တရာယ်တွေ မြင့်တက်လာတာ စတဲ့ အခြေအနေတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။

ဘာ့ကြောင့် Forex မှာ အရောင်းအ၀ယ် လုပ်ကြလဲ?
**********************************************
Forex ဟာ ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြတဲ့ ဈေးကွက်ဖြစ်တာကြောင့် ဈေးအတက်၊ ဒါမှမဟုတ် အကျတွေကနေ အကျိုးအမြတ်ရမယ့် အခွင့်အလမ်း ရှိနေပါတယ်။ ဒါဟာ Forex အရောင်းအ၀ယ်ပြုခြင်းရဲ့ အဓိက အားသာချက်ဖြစ်ပြီး Forex ကိုMGL နဲ့ အရောင်းအ၀ယ်လုပ်ရာမှာ အကျိုးအမြတ်တွေရနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။ အန္တရာယ်သတိပေးချက်တွေကိုလည်း လေ့လာကြည့်ပါ။

ငွေဖြစ်လွယ်သော ဈေးကွက်များ။ ။ FX ဈေးကွက်ဟာ စီးဆင်းမှု တော်တော်ကောင်းတာကြောင့် ဈေးတွေဟာလည်း အလွန် ထင်သာမြင်သာရှိပါတယ်။ ပြီးတော့ အရမ်းပြောင်းလဲနိုင်တာကြောင့် ရောင်းဝယ်မှုတွေလုပ်နေတဲ့အခါ သိသာတဲ့၊ ရုတ်တရတ်ဖြစ်လာတဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ် အရောင်းအ၀ယ်လုပ်ထားတဲ့ အခြေအနေကနေ ထွက်လို့မရတာလည်း ဖြစ်နိုင်ပါတယ်။

၂၄ နာရီ ကုန်သွယ်မှု။ ။ FX ကို နေ့၊ ဒါမှမဟုတ် ည ကြိုက်တဲ့အချိန်မှာ အရောင်းအ၀ယ် လုပ်နိုင်ပြီး တစ်နေ့တာ ဈေးကွက်ပိတ်တာလည်း မရှိတဲ့အတွက် ဈေးကွက်အပိတ်နဲ့ ပြန်အဖွင့်မှာ ဈေးနှုန်းကွာဟာချက် ကြီးတာကြောင့် ရုတ်တရက် ငွေကြေးအမြောက်အများ ဆုံးရှုံးတာမျိုးလည်း မဖြစ်နိုင်ပါဘူး။

သတင်းအချက်အလက် ရနိုင်မှု။ ။ FX ဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတဲ့ ရောင်းဝယ်မှု ဖြစ်တာကြောင့် FX နဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရနိုင်တဲ့ ပမာဏကလည်း ကြီးမားပါတယ်။

အ၀ယ်ကြီးမားခြင်းနဲ့ ဈေးကွက်တွင် ပါဝင်မှု။ ။ ငွေဖြစ်လွယ်မှု ကြီးမားတာကြောင့် နေ့စဉ်ရောင်းဝယ်မှု အခြေအနေ ကြီးမားတာကို တွေ့နိုင်မှာဖြစ်ပြီး ဒါက သင့်တော်တဲ့ အကျိုးအမြတ် ရယူနိုင်ဖို့ အခွင့်အရေးကို ရစေမှာဖြစ်ပါတယ်။

ဈေးကွက်ခံနိုင်ရည်။ ။ FX ကုန်သွယ်မှုရဲ့ ပမာဏနဲ့ သဘာဝတို့က ဈေးကစားခြင်းနဲ့ အတွင်းလူ ကုန်သွယ်မှုတွေကိုလည်း ခံနိုင်ရည် ရှိစေပါတယ်။

Academic Team
Myanmar Golden Link

မှတ်ချက်။ ။ အထက်ဖော်ပြပါ စာစုများသည် Myanmar Golden Link ၏ မူပိုင် သင်ခန်းစာများ ဖြစ်ပါသည်။ အကယ်၍ ကူးယူအသုံးပြုမည်ဆိုပါက Credit ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်


Myanmar Golden Link Facebook Page မှ ကူးယူ ဖော်ပြပါသည်။

No comments:

Post a Comment